" ကိုယ်ချင်းစာ"
တကယ်တော့ ..
ရခဲ့သမျှ အစစအရာရာတိုင်းဟာ ..
ကျေနပ်လောက်အောင် ပြီးပြည့်စုံတာတော့ မဟုတ်ခဲ့ဘူး ..
ဒါပေမယ့် ရသလောက်ကို ကိုယ်အမြဲပဲ တန်ဖိုးထားခဲ့တာပါ ..။
တကယ်တော့ ..
ကိုယ်ပေးခဲ့တာနဲ့  ကိုယ်ပြန်ရခဲ့တာဟာ ..
တိုင်းဆ နှိုင်းယှဉ်လို့ ရနိုင်စရာ မဟုတ်ခဲ့ဘူး ..
အတုံ့ အပြန်ကို မမျှော်လင့်လို့ သာ ရေငုံနှုတ်ပိတ်နေခဲ့တာပါ ..။
တကယ်တော့ ..
ကိုယ်ပြုံးနေတဲ့ အချိန်တိုင်းမှာ ..
ကိုယ်ပျော်ရွှင် ကြည်နူးနေတာတော့ မဟုတ်ခဲ့ဘူး ..
တတ်နိုင်သလောက် ဒေါသအမျက်နဲ့  နာကျင်မှုကို မြိုသိပ်ခဲ့တာပါ ..။
တကယ်တော့ ..
စေ့ထားတဲ့ ကိုယ့်နှုတ်ခမ်းအစုံနောက်ကွယ်မှာ ..
ပြောစရာစကား တစ်လုံးမှ မရှိတာတော့ မဟုတ်ခဲ့ဘူး ..
မင်း စိတ်ထိခိုက်ရမှာကို ကိုယ်နာကျင်ရမှာနဲ့  မလဲနိုင်ခဲ့တာပါ ..။
တကယ်တော့ ..
ကိုယ့်ရဲ့  မျက်ဝန်းထဲက အရိပ်တွေဟာ ..
မာနတွေ အာဃာတတွေ မင်းထင်သလို မဟုတ်ခဲ့ဘူး ..
မျက်ရည်ကို မဖုံးတတ် မဖိတတ် သိမ်းဆည်းနေခဲ့ရတာပါ ..။
တကယ်တော့ ..
မကြင်နာတာကို မနာကျင်တတ်ရအောင် ..
ကိုယ့်နှလုံးသားက ကျောက်ဆစ်တုံးတော့ မဟုတ်ခဲ့ဘူး ..
ကိုယ်မပြလို့  မင်းမမြင်ရတဲ့တနေရာမှာ သွေးပေါက်ပေါက်ကျနေတာပါ ..။
တကယ်တော့ ..
မင်းလုပ်ရက်သမျှ အပြစ်မမြင်နိုင်ရအောင် ..
ကိုယ်ဟာ ပါရမီရှင် သူတော်စင်တော့ မဟုတ်ခဲ့ဘူး ..
မင်းအနားက မခွဲခွာနိုင်အောင် မိုက်လုံးကြီးကြီး ချစ်မိနေခဲ့တာပါ ..။
တကယ်တော့ ..
ကိုယ့် ခြေအစုံကို မသွားနိုင်အောင်ချုပ်နှောင်ထားတာ ..
အင်အားကြီးမားလွန်းသော တစ်စုံတစ်ရာတော့ မဟုတ်ခဲ့ဘူး ..
မပြတ်နိုင်လွန်းတဲ့ တည်းတည်းကလေးသော သံယောဇဉ်ရယ်ပါ ..။
တကယ်တော့ လေ ..
တစ်ခွန်းထည်းသာ ပြောခွင့် ရခဲ့ရင် ..
... ... ...
" .. .. မပြောပဲသိမယ့် ကိုယ်ချင်းစာမှုမျိုးကို သာ .. ..
ကိုယ် မင်းဆီက ရချင်ခဲ့တာပါ .. .. "
လမင်းမိုမို