လွန်ခဲ့တဲ့  အနှစ် ၃၀ ကျော်.. ကျမ ၈ တန်းတက်နေတဲ့ အချိန်ပေါ့ ။
အတန်းထဲမှာ ၀တ္ထုတိုတွေ စာကြောင်တွေပဲ ခိုးရေးနေရင်း ..အမှတ်တွေကျ အဆင့်တွေကျ ..။
ကျောင်းစာအုပ် အလယ်သားတွေ ဖြုတ်ရေးပါများလို့ ချောင်နေတဲ့အခါ ဆရာမဆူတာခံရ..
အမေဆူတာခံရ.. ။ ဒီပုံ ဒီအချိုးနဲ့  ဆယ်တန်းနှစ်ချင်းပေါက်ပါ့မလား ..လို့  ဆရာမတွေက
ကျောင်းသူ အပေအတေ တစ်ယောက်လိုမေးတာခံရ..။ " ဒါဘာတွေရေးထားတာလဲ " လို့ ..
မေးတဲ့ဆရာမတစ်ယောက်ကို " ၀တ္ထုတွေရေးထားတာပါ " လို့ ဖြေတော့ .." ခွေးဖြစ်မယ့်
အလုပ်တွေလုပ်နေတယ်ပေါ့ ..ဟုတ်လား ".. တဲ့ ။
ဆရာဝန်ဖြစ်စေချင်တဲ့ မေမေ့ကို " မေမေတောင် စာရေးဆရာမလုပ်သေးတာပဲ " လို့ ..
အကြောက်အကန် ခုခံရပ်တည်ရင်းက .. " ဆယ်တန်းအောင်ပြီးမှ ရေးချင်ရေးပါ "ဆိုတဲ့ ..
ကတိစကားတစ်လုံးကိုရခဲ့တယ် ။ ဒီစကားလုံးကို ပုတီးစိတ်သလိုအထပ်ထပ် မှတ်မှတ်ရင်း
ဆယ်တန်းစာမေးပွဲပြီးတဲ့အထိ ရူးသွပ်နေလိုက်တာ နောက်ဆုံးနေ့ ..သမိုင်းလဲ ဖြေပြီးရော
အိမ်ရောက်တာနဲ့ လွယ်အိတ်ပစ်ပြီး အခွင့်ထူးရထားတဲ့သူတစ်ယောက်ကဲ့သို့ ..
ပထမဆုံးသော လုံးချင်းဝတ္ထုကို စရေးတော့ချိန်မှာ ကျမ ၁၆ နှစ်မပြည့်သေးတာပါ ။
မေမေ့ Publisher က ကျမ၀တ္ထုကိုဖတ်ပြီး " ကြိုက်တယ် ..ထုတ်မယ် .." တဲ့ ။
အသက် ၁၆ နှစ်နဲ့  ၆ လ မှာ ပထမဆုံး လုံးချင်းထွက်ခဲ့တယ် ။ ကျမရဲ့ စာဖတ်ပရိသတ်
တွေက များသောအားဖြင့် ကျမထက်ကြီးနေကြတယ် ။ ရေကန်အသင့် ကြာအသင့်လို
ထုတ်ဝေသူအသင့်ဖြစ်နေတဲ့ ကျမရဲ့ လမ်းကြောင်းက ဖြောင့်ဖြူးနေတယ်လို့ ထင်ရပေမယ့် ..
တကယ်တန်းနောက်ကွယ်မှာ စာပေလောက တစ်လောကလုံးနီးပါးရဲ့  ပုတ်ခတ် စွတ်စွဲ
ဝေဖန် ထိုးနှက်မှုတွေကို ၁၆ နှစ်အရွယ်နဲ့ မမျှ အလူးအလိမ့်ခံခဲ့ရတယ် ။
အဲဒီကာလ က စာရေးဆရာမ ငယ်ငယ်လေးတွေ ခုခေတ်လို မများခဲ့ပဲ ..
ကျမတစ်ဦးတည်းထီးထီး ပစ်မှတ်ကြီးတစ်ခုလိုရှိနေခဲ့တာမို့ အားလုံးရဲ့ အာရုံဟာ
ကျမဆီမှာ ။ ရှင်းရှင်းပြောရရင် ကျမ ဒီစာတွေကိုရေးနိုင်တယ်လို့ မယုံဘူးပေါ့ ။
ဒီအသက်အရွယ်နဲ့  ဒီလောက်အဖြစ်မရှိနိုင်ဘူးပေါ့ ။ လာသမျှ Interview တိုင်းဟာ
ကလေးတစ်ယောက်ကိုချောင်ပိတ်တဲ့ မေးခွန်းမျိုးချည်းပဲ ။ " ..ဘယ်ဝတ္ထုထဲမှာ..
ဘယ်အခန်းမှာ .. မင်းသမီးကိုင်ခဲ့တဲ့ လက်ကိုင်ပုဝါဟာ ဘာအရောင်လဲ..."..ဆိုတဲ့
အရူးချိးပန်း မေးခွန်းမျိုး မေးတဲ့သူရှိခဲ့တယ် ။ သူတောင် ပြီးခဲ့တဲ့ လ ..စနေနေ့ က ကိုင်
ခဲ့တဲ့ လက်ကိုင်ပုဝါအရောင်ကို မှတ်မိမှာလား..။ ဒါကိုမဖြေနိုင်ရင်ပဲ ထောက်ကွက်ဖြစ်စရာ
လိုလို ..။ ဒါပေမယ့်ကျေနပ်ပါတယ် ။ မယုံနိုင်ကြတာကို ကျေနပ်ပါတယ် ။
ကျမကို.. ..ရှဲဒိုး...တဲ့ ..။ ကွယ်ရာမှာပေါ့ ။
90's ကာလတွေမှာ စာရေးဆရာမငယ်ငယ်လေးတွေ အလျှိုလျှို ပေါ်လာပါတယ် ။
လူများတော့ ဝေဖန်ထိုးနှက်ဖို့ မောသွားတာလား ..အဲသလိုအသံတွေ သိပ်မဆူညံတော့ဘူး ။
ဒီလောကမှာတကယ်ပဲ ရှိတာတွေလည်း ရှိနေတော့ ..ဟိုလူ့  သို့ လော သို့ လော..
ဒီလူ့ သို့ လော သို့ လော..ပေါ့နော် ။ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်ရှိကြပါတယ် ။
ဒါပေမယ့်တော့ .. စကားတစ်ခွန်း..စကားတစ်လုံး ပြောတော့မယ်ဆိုရင် ..
မပြောခင် နှစ်ကြိမ် သုံးကြိမ် စဉ်းစားပြီးလူတစ်ဖက်သားရဲ့ နစ်နာထိခိုက်နိုင်မှုကို
လေးစားစောင့်ထိန်းသင့်ကြပါတယ် ။
ပါးစပ်က စကားလေးတစ်လုံးပြောလိုက်ရတာ လွယ်ပါတယ် ။
သူများအကြောင်းပြောရတာ ပိုပြီးလွယ်ပါတယ် ။
ဘာမှ အပန်းမကြီးဘူး .. ပိုက်ဆံလည်း မကုန်ဘူး .. ရင်တောင်ပေါ့သွားဦးမယ် ။
ပြောသူအတွက် ထိခိုက်နစ်နာမှု မရှိပေမယ့် အပြောခံရသူဖက်ကိုစဉ်းစားဖို့ ရှိပါတယ် ။
နာမည်ကောင်းတစ်လုံးဖြစ်ဖို့  တပင်တပန်း အချိန်ယူတည်ဆောက်ခဲ့ရတာပါ ။
အားအားရားရား ထိုင်နေလို့ ဖြစ်မလာနိုင်ပါဘူး ။ အားထုတ်မှုတွေ ပေးဆပ်ထားရပါတယ် ။
မိန်းမတစ်ယောက်အပေါ် လုံးလုံးအမှားကြိးကို အလွယ်ကလေး ပုတ်ခတ်ပြောဆိုလိုက်
နိုင်တာကို ဘယ်လိုမှနားလည်မပေးတတ်တော့အောင်ပါပဲ ။
ငယ်ငယ်လေးကထဲက အတိုက်အခံရူးသွပ်ခဲ့ရတာနဲ့ တောင် မတန်ပါလားလို့  စိတ်လက်ပျက်ရတယ် ။
ငါကပဲ ငါ ..ငါ ..ဆိုပြီး အတ္တကြီးနေမိတာလားလို့  ဥာဏ်မမီနိုင်ဖြစ်ရတယ် ။
အသက် ၁၆ နှစ်နဲ့ စာစရေးခဲ့လို့  အဲဒီတုန်းက ရှဲဒိုးလို့ အပြောခံခဲ့ရတာထားပါတော့ ..
အခု အသက် ၄၅ ထဲရောက်တာတောင် ဒီမိန်းမ စာမရေးတတ်နိုင်ပါဘူး ထင်နေသေးတာတော့
( ကိုရီးယားကားထဲကလို ပြောရရင် ) ...
ပါးစပ်ပေါက် တစ်ထောင်ရှိတောင်ပြောစရာစကားမရှိတော့ပါဘူး ..။
လမင်းမိုမို
12 comments:
အသက် ၄၅ နှစ် မထင်ရအောင် နုတယ်နော်။
မမိုက အသားအရေ အရမ်းလှတယ်။ ဖေ့ဘွတ်က ပုံကိုကြည့်ပြောတာပါ။
Word verification ဖြုတ်လိုက်ရင် ပိုကောင်းမယ် မမို။
မကြီးရေ၀တ္ထုတို၊ရှည်တွေဖတ်ဖို့စောင့်နေမယ်နော်။
မကြီးရေ၀တ္ထုတို၊ရှည်တွေကိုမျှော်နေပါသည်ရှင့်..
မမိုရဲ့ ပရိသတ်ပါ... ၀တ္ထုရှည်တွေ သိပ်ဖတ်ချင်ပါတယ်
လောကကြီးဒီလိုပါဘဲ...နောက်ဆုံးတော့ပြောသူကမောရင်းေ၀၀ါးသွားကြ..ရှေ့ဆက်လျှောက်သူကတော့ဆက်ရင်းလိပ်ပြာသန့်စွာရှင်သန်ဆဲ.........
မမ
ဘလောဂ့်ရှိတာ ခုမှဘဲသိရတော့တယ်
ဝမ်းသာလိုက်တာ လင့်ယူသွားပြီသိလား
မမရဲ့ ဝတ္ထုတွေမှာ မမရဲ့ စတိုင်လေးက သီးသန့်ရှိနေပြီးသား
ပြီးတော့ မမရဲ့ ကိုယ်ပိုင်စာရေးဟန်လေးက မမရဲ့ ဘယ်ဝတ္ထုကိုမဆို ဖတ်တာနဲ့ မမရေးထားမှန်းသိသာစေတယ်
ငယ်တုန်းကဆို တစ်အုပ်မှ မလွတ်တမ်းဖတ်ခဲ့ဖူးလို့ သေချာကို သိခဲ့တယ်။
ခုတော့ စာအုပ်တွေနဲ့ ဝေးနေလို့သာ မဖတ်နိုင်တာဘဲရှိတယ်.. မမရဲ့ ရေးဟန်လေးတွေ ခုထိတောင် မှတ်မိနေသေးတယ်
:) အားကျစရာ...16 နှစ်နဲ့ စာအုပ်ထုတ်ခွင့်ရခဲ့တယ်။ ဟိုးကထဲက ခုအချိန်ထိ အမ စာအုပ်တွေကိုဆို အသဲအမဲပါ။ ပုံမှန် စာအုပ်ငှားရင် ၀တ္တုဇတ်ကြောင်း ကို နဲနဲ လှန်ကြည့်ပီးမှ ငှားနေကြပေမယ့် အမ စာအုပ် အသစ်ထွက်ပီဆိုတာနဲ့ ကြည့်မနေပဲ တန်းငှားခဲ့တာ။ အဲ့ဒီ ပထမဆုံး ထွက်တဲ့ စာအုပ်လေး မြည်းကြည့်ချင်တယ်။ ကြာပြီဆိုတော့ ဖတ်ခဲ့ဖူးချင် မှ ဖတ်ခဲ့ဖူးမှာ။
မကြီး..
မကြီးက ၁၆ နှစ်မှာစာ စရေးတာ
မီးက မကြီးစာတွေကို မီး ၀တ္ထူစဖတ်ခွင့်ရတဲ့ ၁၅ နှစ်မှာစဖတ်တာ
နွေရာသီကျောင်းပိတ်တာနဲ့ မကြီးစာအုပ်တွေ ၁အုပ်ပြီး ၁အုပ်ဖတ်တော့တာပဲ
မကြီးရဲ့ ဟိုးအရင်ကရေးတဲ့စာအုပ်တွေရော
အခုထိစာအုပ်တွေရော ၁အုပ်မလွတ်ဖတ်တာ
မီး.မေမေကဆို..မီးကို..လမင်းမိုမိုသရဲတဲ့...ဟိ....
ဘယ်စာအုပ်မှာ ဘယ်ဇာတ်ကောင်..နာမည်ကဘာဆိုတာတွေပါ..အကုန်မှတ်မိတယ်....
အိပ်မက်ဆိုရင်လဲမနိုးပါရစေနဲ့တော့....
နတ်ဖန်ဆင်းသလားထင်တော့တယ်...
ချစ်လို့....
အဲ့စာအုပ်တွေကနေစပြီး
အခု..အချစ်ဆိုတာဘယ်လိုအရာထိ..အကုန်ကြိုက်တယ်....မကြီးကိုချစ်တဲ့....
ကျနော်က ဆရာမရဲ့ ပရိသတ်ပါ။ ဆရာမရဲ့ ၀တ္ထုလေးတွေမှာ စာဖတ်သူကို ဘယ်တော့မှအဆိပ်မသင့်အောင် ကြိုးစားထားတာကို နှစ်သက်ခဲ့တာပါ။ အပေါ်ယံအလှထက်၊ စိတ်ရင်းအလှက အရေးကြီးတယ်ဆိုတာ အမြဲရေးခဲ့တယ်နော်။ အခုတော့ အဝေးရောက်နေလို့ အခုနှစ်ပိုင်းထွက်တဲ့စာအုပ်တွေ မဖတ်ရဘူးဗျာ။ ကျနော့်မှာ အပိုင်ရှိတာတွေကတော့ ရွှေနှလုံးသား၊ ရင်ထဲမှာသာ တိတ်တခိုးနဲ့ သက်လယ်။ အဲသည့်စာအုပ်တွေ ခုထိသိမ်းထားတယ်။ ကြိုက်တာတွေကတော့ အများကြီးပေါ့၊ ဓါးသွားတဆုံး-၊ ငှက်၏ခြေရာ၊ အချစ်ဆိုသည်မှာ----- အို အများကြီးပါပဲ။ (ကျနော်ငယ်ငယ်တုံးက ဆရာမရဲ့ ဓါတ်ပုံတစ်ပုံကို သဘောကျတယ်ဗျ။ မောင် ၀တ္ထုကို ဗွီဒီယိုရိုက်တဲ့ ပရက်စ်ရှိုးမှာ ဆရာမကို အင်တာဗျူးတဲ့ပုံလေး။ ဆရာမက ရှက်ပြီးစဉ်းစားနေတဲ့ပုံလေး။ မျက်နှာကို လက်နဲ့ ကွယ်ပြီး စဉ်းစားနေတာ။ ပုံအောက်က စာက (သူဘယ်လိုဖြေရမလဲ) တဲ့။ မဟေသီ မဂ္ဂဇင်းကထင်တယ်။ ဆရာမ ကျန်းမာစွာဖြင့် စာကောင်းပေမွန်တွေ ရေးသားနိုင်ပါစေခင်ဗျာ။
(လီယို)
ငယ်ငယ်ကတော့ ဆရာမရဲ့စာတွေ အများကြီး ဖတ်ဖူးတယ်။ ခုထိလည်း ဖတ်နေဖြစ်ပါတယ်။
ဆရာမ နေနွယ်ဇင်မြင့်ရဲ့ ကိုကိုချစ်တဲ့ လမင်းမိုမို ဆိုတာ အဟောင်းပြန်ဖတ်ဖြစ်တော့မှ ဆရာမကို မျက်မမြင်ထင်ခဲ့ဖူးသေးတယ်။း)
မှတ်မှတ်ရရ မုန်းလားမေးရင် ဖြေချင်ဘူး ဆိုတာ။ ဆရာမ ဓါတ်ပုံ မျက်နှာဖုံးနဲ့..။ အနီ၊ ဇူဝေ့ငြိမ် ဆိုတဲ့ ဇာတ်ကောင်နာမည်တွေတောင် မှတ်မိနေသေးတယ်။ အဲတော့မှ ဆရာမက တက္ကသိုလ်ကျောင်းသူဆိုတာ သိခဲ့တာ။ ဇာတ်ကောင်စရိုက်က သိမ်မွေ့တာ၊ ပညာတတ်တာ၊ အပေါင်းအသင်းတွေအပေါ် အနွံတာခံ ပျော်ရွှင်တတ်တာ၊ တစ်ဖက်သားအပေါ် စောင့်စည်းတတ်တာ အဲဒါတွေကြောင့် ခုထိဖတ်ဖြစ်နေပါတယ်။
ဘာမှတော့ပြောတတ်ဝူး...
အားပေးသူပေမဲ့ အသက်ကြိးကြီးလည်း ဟုတ်ရ၀ူးး...း))
ထွက်သမျှ စာအုပ်တွေ အကုန်ဝယ်ထားတာပဲ သိတယ်...
ခုတော့ အဝေးမှာ...
မကြာခင် ၀ယ်ထားသမျှလေးတွေနဲ့ ပြန်နီးရတော့မယ်...း))
Post a Comment