October 17, 2011

ကိုယ်ချင်းစာ



" ကိုယ်ချင်းစာ"


တကယ်တော့  ..
ရခဲ့သမျှ အစစအရာရာတိုင်းဟာ  ..
ကျေနပ်လောက်အောင် ပြီးပြည့်စုံတာတော့ မဟုတ်ခဲ့ဘူး  ..
ဒါပေမယ့် ရသလောက်ကို ကိုယ်အမြဲပဲ တန်ဖိုးထားခဲ့တာပါ  ..။


တကယ်တော့ ..
ကိုယ်ပေးခဲ့တာနဲ့  ကိုယ်ပြန်ရခဲ့တာဟာ  ..
တိုင်းဆ နှိုင်းယှဉ်လို့ ရနိုင်စရာ မဟုတ်ခဲ့ဘူး  ..
အတုံ့ အပြန်ကို မမျှော်လင့်လို့ သာ ရေငုံနှုတ်ပိတ်နေခဲ့တာပါ ..။


တကယ်တော့  ..
ကိုယ်ပြုံးနေတဲ့ အချိန်တိုင်းမှာ  ..
ကိုယ်ပျော်ရွှင် ကြည်နူးနေတာတော့ မဟုတ်ခဲ့ဘူး  ..
တတ်နိုင်သလောက် ဒေါသအမျက်နဲ့  နာကျင်မှုကို မြိုသိပ်ခဲ့တာပါ  ..။


တကယ်တော့  ..
စေ့ထားတဲ့ ကိုယ့်နှုတ်ခမ်းအစုံနောက်ကွယ်မှာ  ..
ပြောစရာစကား တစ်လုံးမှ မရှိတာတော့ မဟုတ်ခဲ့ဘူး  ..
မင်း စိတ်ထိခိုက်ရမှာကို ကိုယ်နာကျင်ရမှာနဲ့  မလဲနိုင်ခဲ့တာပါ  ..။


တကယ်တော့  ..
ကိုယ့်ရဲ့  မျက်ဝန်းထဲက အရိပ်တွေဟာ  ..
မာနတွေ အာဃာတတွေ မင်းထင်သလို မဟုတ်ခဲ့ဘူး  ..
မျက်ရည်ကို မဖုံးတတ် မဖိတတ် သိမ်းဆည်းနေခဲ့ရတာပါ  ..။


တကယ်တော့  ..
မကြင်နာတာကို မနာကျင်တတ်ရအောင်  ..
ကိုယ့်နှလုံးသားက ကျောက်ဆစ်တုံးတော့ မဟုတ်ခဲ့ဘူး  ..
ကိုယ်မပြလို့  မင်းမမြင်ရတဲ့တနေရာမှာ သွေးပေါက်ပေါက်ကျနေတာပါ  ..။


တကယ်တော့  ..
မင်းလုပ်ရက်သမျှ အပြစ်မမြင်နိုင်ရအောင်  ..
ကိုယ်ဟာ ပါရမီရှင် သူတော်စင်တော့ မဟုတ်ခဲ့ဘူး  ..
မင်းအနားက မခွဲခွာနိုင်အောင် မိုက်လုံးကြီးကြီး ချစ်မိနေခဲ့တာပါ  ..။


တကယ်တော့  ..
ကိုယ့် ခြေအစုံကို မသွားနိုင်အောင်ချုပ်နှောင်ထားတာ  ..
အင်အားကြီးမားလွန်းသော တစ်စုံတစ်ရာတော့ မဟုတ်ခဲ့ဘူး  ..
မပြတ်နိုင်လွန်းတဲ့ တည်းတည်းကလေးသော သံယောဇဉ်ရယ်ပါ  ..။


တကယ်တော့ လေ  ..
တစ်ခွန်းထည်းသာ ပြောခွင့် ရခဲ့ရင်  ..

...   ...   ...

" ..  .. မပြောပဲသိမယ့် ကိုယ်ချင်းစာမှုမျိုးကို သာ  ..  ..
ကိုယ် မင်းဆီက ရချင်ခဲ့တာပါ  ..  .. "



လမင်းမိုမို

October 9, 2011

လမင်းမိုမို ရဲ့ Steve Jobs


Please click on photo to ENLARGE!

Steven Paul "Steve" Jobs
(February 24, 1955 – October 5, 2011)

Sketch Artist - La Min Mo Mo
ခဲပန်းချီ - လမင်းမိုမို

In Memories of Steve Jobs - BY - Author & Sketch Artist La Min Mo Mo (Myanmar)

စာရေးဆရာ၊  ပန်းချီဆရာ မ လမင်းမိုမို မှ ကွယ်လွန်သူ Steve Jobs အတွက် အမှတ်တရ ရေးဆွဲသည်။

September 27, 2011

မိုး နှင့် မြက်ဖျား




" မိုး နှင့် မြက်ဖျား "


စွတ်စို တစ်စ ..
သည်းကာကျ ..
မိုးမင်း သွန်းချ ရွာတယ်ကို .....

တစ်ပေါက် ရွှဲစို ..
မိုးပွင့်ပျို ..
လေဟုန် စီးလို့  ဆင်းတယ်ကို .....

မြေပြင်တလင်း ..
မြက်တစ်ခင်း ..
မျှော်ရင်း မိုးသို့  ကြိုတယ်ကို .....

တစ်ပင် ထိပ်ဖျား ..
တွဲခိုထား ..
တစ်စက် မိုးပွင့် နားတယ်ကို .....

ကောင်းကင် မြေပြင် ..
ခရီးစဉ် ..
ဝေးလွန်းစွလျှင် ဝေးတယ်ကို .....

တစ်ပေါက် မိုးစက် ..
တစ်ပင်မြက် ..
ဖူးစာဖက်ဖို့  ခက်တယ်ကို .....

ဖြစ်နိုင်ခဲလျှင် ..
နှောင်ကြိုးငင် ..
ရှေးရေစက်ပင် ဖြစ်မည်ကို .....

လမင်းမိုမို

ကျမ ရဲ့ အတ္တ



လွန်ခဲ့တဲ့  အနှစ် ၃၀ ကျော်.. ကျမ ၈ တန်းတက်နေတဲ့ အချိန်ပေါ့ ။
အတန်းထဲမှာ ၀တ္ထုတိုတွေ စာကြောင်တွေပဲ ခိုးရေးနေရင်း ..အမှတ်တွေကျ အဆင့်တွေကျ ..။
ကျောင်းစာအုပ် အလယ်သားတွေ ဖြုတ်ရေးပါများလို့ ချောင်နေတဲ့အခါ ဆရာမဆူတာခံရ..
အမေဆူတာခံရ.. ။ ဒီပုံ ဒီအချိုးနဲ့  ဆယ်တန်းနှစ်ချင်းပေါက်ပါ့မလား ..လို့  ဆရာမတွေက
ကျောင်းသူ အပေအတေ တစ်ယောက်လိုမေးတာခံရ..။  " ဒါဘာတွေရေးထားတာလဲ " လို့ ..
မေးတဲ့ဆရာမတစ်ယောက်ကို " ၀တ္ထုတွေရေးထားတာပါ " လို့ ဖြေတော့ .." ခွေးဖြစ်မယ့်
အလုပ်တွေလုပ်နေတယ်ပေါ့ ..ဟုတ်လား "..  တဲ့ ။

ဆရာဝန်ဖြစ်စေချင်တဲ့ မေမေ့ကို " မေမေတောင် စာရေးဆရာမလုပ်သေးတာပဲ " လို့ ..
အကြောက်အကန် ခုခံရပ်တည်ရင်းက .. " ဆယ်တန်းအောင်ပြီးမှ ရေးချင်ရေးပါ "ဆိုတဲ့ ..
ကတိစကားတစ်လုံးကိုရခဲ့တယ် ။ ဒီစကားလုံးကို ပုတီးစိတ်သလိုအထပ်ထပ် မှတ်မှတ်ရင်း
ဆယ်တန်းစာမေးပွဲပြီးတဲ့အထိ ရူးသွပ်နေလိုက်တာ နောက်ဆုံးနေ့ ..သမိုင်းလဲ ဖြေပြီးရော
အိမ်ရောက်တာနဲ့ လွယ်အိတ်ပစ်ပြီး အခွင့်ထူးရထားတဲ့သူတစ်ယောက်ကဲ့သို့ ..
ပထမဆုံးသော လုံးချင်းဝတ္ထုကို စရေးတော့ချိန်မှာ ကျမ ၁၆ နှစ်မပြည့်သေးတာပါ ။

မေမေ့ Publisher က ကျမ၀တ္ထုကိုဖတ်ပြီး " ကြိုက်တယ် ..ထုတ်မယ် .." တဲ့ ။
အသက် ၁၆ နှစ်နဲ့  ၆ လ မှာ ပထမဆုံး လုံးချင်းထွက်ခဲ့တယ် ။ ကျမရဲ့ စာဖတ်ပရိသတ်
တွေက များသောအားဖြင့် ကျမထက်ကြီးနေကြတယ် ။ ရေကန်အသင့် ကြာအသင့်လို
ထုတ်ဝေသူအသင့်ဖြစ်နေတဲ့ ကျမရဲ့ လမ်းကြောင်းက ဖြောင့်ဖြူးနေတယ်လို့ ထင်ရပေမယ့် ..
တကယ်တန်းနောက်ကွယ်မှာ စာပေလောက တစ်လောကလုံးနီးပါးရဲ့  ပုတ်ခတ် စွတ်စွဲ
ဝေဖန် ထိုးနှက်မှုတွေကို ၁၆ နှစ်အရွယ်နဲ့ မမျှ အလူးအလိမ့်ခံခဲ့ရတယ် ။

အဲဒီကာလ က စာရေးဆရာမ ငယ်ငယ်လေးတွေ ခုခေတ်လို မများခဲ့ပဲ ..
ကျမတစ်ဦးတည်းထီးထီး ပစ်မှတ်ကြီးတစ်ခုလိုရှိနေခဲ့တာမို့ အားလုံးရဲ့ အာရုံဟာ
ကျမဆီမှာ ။ ရှင်းရှင်းပြောရရင် ကျမ ဒီစာတွေကိုရေးနိုင်တယ်လို့ မယုံဘူးပေါ့ ။
ဒီအသက်အရွယ်နဲ့  ဒီလောက်အဖြစ်မရှိနိုင်ဘူးပေါ့ ။ လာသမျှ Interview တိုင်းဟာ
ကလေးတစ်ယောက်ကိုချောင်ပိတ်တဲ့ မေးခွန်းမျိုးချည်းပဲ ။ " ..ဘယ်ဝတ္ထုထဲမှာ..
ဘယ်အခန်းမှာ .. မင်းသမီးကိုင်ခဲ့တဲ့ လက်ကိုင်ပုဝါဟာ ဘာအရောင်လဲ..."..ဆိုတဲ့
အရူးချိးပန်း မေးခွန်းမျိုး မေးတဲ့သူရှိခဲ့တယ် ။ သူတောင် ပြီးခဲ့တဲ့ လ ..စနေနေ့ က ကိုင်
ခဲ့တဲ့ လက်ကိုင်ပုဝါအရောင်ကို မှတ်မိမှာလား..။ ဒါကိုမဖြေနိုင်ရင်ပဲ ထောက်ကွက်ဖြစ်စရာ
လိုလို ..။ ဒါပေမယ့်ကျေနပ်ပါတယ် ။ မယုံနိုင်ကြတာကို ကျေနပ်ပါတယ် ။
ကျမကို.. ..ရှဲဒိုး...တဲ့ ..။ ကွယ်ရာမှာပေါ့ ။

90's ကာလတွေမှာ စာရေးဆရာမငယ်ငယ်လေးတွေ အလျှိုလျှို ပေါ်လာပါတယ် ။
လူများတော့ ဝေဖန်ထိုးနှက်ဖို့ မောသွားတာလား ..အဲသလိုအသံတွေ သိပ်မဆူညံတော့ဘူး ။
ဒီလောကမှာတကယ်ပဲ ရှိတာတွေလည်း ရှိနေတော့ ..ဟိုလူ့  သို့ လော သို့ လော..
ဒီလူ့ သို့ လော သို့ လော..ပေါ့နော် ။ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်ရှိကြပါတယ် ။
ဒါပေမယ့်တော့ .. စကားတစ်ခွန်း..စကားတစ်လုံး ပြောတော့မယ်ဆိုရင်  ..
မပြောခင် နှစ်ကြိမ် သုံးကြိမ် စဉ်းစားပြီးလူတစ်ဖက်သားရဲ့ နစ်နာထိခိုက်နိုင်မှုကို
လေးစားစောင့်ထိန်းသင့်ကြပါတယ် ။

ပါးစပ်က စကားလေးတစ်လုံးပြောလိုက်ရတာ လွယ်ပါတယ် ။
သူများအကြောင်းပြောရတာ ပိုပြီးလွယ်ပါတယ် ။
ဘာမှ အပန်းမကြီးဘူး .. ပိုက်ဆံလည်း မကုန်ဘူး .. ရင်တောင်ပေါ့သွားဦးမယ် ။
ပြောသူအတွက် ထိခိုက်နစ်နာမှု မရှိပေမယ့် အပြောခံရသူဖက်ကိုစဉ်းစားဖို့ ရှိပါတယ် ။
နာမည်ကောင်းတစ်လုံးဖြစ်ဖို့  တပင်တပန်း အချိန်ယူတည်ဆောက်ခဲ့ရတာပါ ။
အားအားရားရား ထိုင်နေလို့ ဖြစ်မလာနိုင်ပါဘူး ။ အားထုတ်မှုတွေ ပေးဆပ်ထားရပါတယ် ။
မိန်းမတစ်ယောက်အပေါ် လုံးလုံးအမှားကြိးကို အလွယ်ကလေး ပုတ်ခတ်ပြောဆိုလိုက်
နိုင်တာကို ဘယ်လိုမှနားလည်မပေးတတ်တော့အောင်ပါပဲ ။

ငယ်ငယ်လေးကထဲက အတိုက်အခံရူးသွပ်ခဲ့ရတာနဲ့ တောင် မတန်ပါလားလို့  စိတ်လက်ပျက်ရတယ် ။
ငါကပဲ   ငါ ..ငါ ..ဆိုပြီး အတ္တကြီးနေမိတာလားလို့  ဥာဏ်မမီနိုင်ဖြစ်ရတယ် ။
အသက် ၁၆ နှစ်နဲ့ စာစရေးခဲ့လို့  အဲဒီတုန်းက ရှဲဒိုးလို့ အပြောခံခဲ့ရတာထားပါတော့ ..
အခု အသက် ၄၅ ထဲရောက်တာတောင် ဒီမိန်းမ စာမရေးတတ်နိုင်ပါဘူး ထင်နေသေးတာတော့
(    ကိုရီးယားကားထဲကလို ပြောရရင်    )   ...
ပါးစပ်ပေါက် တစ်ထောင်ရှိတောင်ပြောစရာစကားမရှိတော့ပါဘူး ..။


လမင်းမိုမို

July 30, 2011

ကျမ ရဲ့ အဖွား



မနေ့ ည က မမျှော်လင့်ပဲ ဖွားဖွားကို အိပ်မက်မက်ပါတယ် ..
အရမ်းသတိရနေတာမျိုး မရှိပဲနဲ့  အိပ်မက်မက်တော့မှ  ဖွားကို သိပ်အောက်မေ့သွားခဲ့မိတယ် .. ။

ဖွားဆုံးတာ နှစ်လေးဆယ်နီးပါးတောင်ရှိပြီ .. ။ ကျမ အသက် ၆ နှစ်ထိပဲ ဖွားနဲ့  နေလိုက်ရပေမယ့်
တွေးလိုက်တိုင်း အဖြစ်အပျက်လေးတွေကို မမေ့မလျော့ မှတ်မိ အောက်မေ့နေတာ ..
ကျမ မွေးကထဲကနေ ဖွား ဆုံးတဲ့အချိန်ထိ ..ကျမက ဖွားနဲ့ ပဲ အိပ်ခဲ့ရလို့ ပါ ။

ကျမ ဖေဖေတို့  မေမေတို့ နဲ့ မအိပ်ရပါဘူး.. အငယ်တွေကတော့ မေမေတို့ နဲ့ အိပ်ကြရပါတယ် ..
ကျမ ကလည်း နဲနဲသိတဲ့ အချိန်ကထဲက ဖွားနဲ့ ခွဲမအိပ်နိုင်ဘူးလေ ..
ကျမ အဖွားက ကျမကို သိပ်ချစ်ပြီး .. မိမို လို့ ခေါ်ပါတယ် ..  .. ။
ဖွားက ပိန်ပိန်လေးပါ .. ကျန်းမာရေးမကောင်းပါဘူး ..
ကျမကိုထိန်းရင် ပုံပြောခြင်း စကားပြောခြင်း သွန်သင်ခြင်းနဲ့ ပဲ ငြိမ်ငြိမ်ပဲ ထိန်းနိုင်ပါတယ် ..
ကျမ စကားနားလည်ကထဲက အကျီ င်္ဝတ်ရင် ဘယ်လို .. ဘောင်းဘီဝတ်ရင်ဘယ်လို ..
ထမီဝတ်ရင် ဘယ်လို .. လမ်းလျှောက်ရင် ဘယ်လို ..အစားစားရင် ဘယ်လို ..
ခေါင်းဖြီးရင် ဘယ်လို .. စကားပြောရင် ဘယ်လို .. လူကြီးရှေ့ မှာ ဘယ်လို ..
အို ..အစုံအစုံကို တတွတ်တွတ် နေ့ စဉ်သင်လိုက်တာ ..ဆုံးတဲ့ထိပါပဲ ..
နားညည်းဖို့ မကောင်းပဲ စိုက်ပြီး နားထောင်ပြီး တသွေမတိမ်းလိုက်လုပ်ရတာကို ..
ကျမ က ကျေနပ်ခဲ့တယ် ..။
အဖေအမေကို မမက်ပဲ ကျမက ဖွားကိုပဲ သ၀န်တိုခဲ့တယ် ..

အဲဒီတုန်းက ဆယ်မိုင်ကုန်း တပ်ဝင်းထဲမှာ ကျမတို့ နေကြတယ် ..
ဖွားဟာ အလုံမှာနေတဲ့ သားအကြီးရဲ့ အိမ်ကို တနင်္ဂနွေနေ့ တိုင်း မနက်စောစောသွားပါတယ် ..
ဟိုမှာတနေကုန်နေပါတယ် .. ။ ဒါကြောင့် တနင်္ဂနွေဟာ ငယ်ငယ်က ကျမအတွက် ..
ကမ္ဘာပျက်သလို အားလုံး ဆိတ်သုဉ်းတဲ့နေ့ ပါပဲ ..

တနေ့ လုံး ဖွားအသံမကြားရတာ .. ဖွားကိုယ်နံ့ ကို ရမနေတာ ..
ဖွားနဲ့ ထမင်းတူတူမစားရတာ .. နေ့ လည် ဖွားနဲ့ ဖက်မအိပ်ရတာ ..
ဖွားမျက်နှာမမြင်ရတာ  ကျမ ခံစားလို့ မရအောင် အရူးတပိုင်းဖြစ်နေတတ်မြဲပါ ..
အဲဒီနေ့ မှာ ကျမကို ထိန်းတဲ့ ကလေးထိန်း အမတွေ သတိကျပ်ကျပ်ထားပေတော့ပါ ...။

ခြံထဲက ဇီးသီး  ချဉ်ပေါင်ဖူးတွေကိုခူးပြီး ဖွားကိုယ်တိုင်ထိုးတဲ့
ဇီးယို နဲ့ ချဉ်ပေါင်ဖူးယိုကို ကျမ အရမ်းကြိုက်ပြီး ကျမကလွဲလို့ သူများစားမှာမနာလိုဘူး ..
ဖန်ပုလင်းလေးထောင့်အကြီးကြီးထဲ ဖွားကထည့်ထားပါတယ် ..

တခါစားရင် ပန်းကန်ပြားသေးသေးလေးထဲ ဇွန်းနဲ့ ခပ်ထည့်ပေးတာကိုပဲ စားရတာ ..
ဖွားက အလုံသွားမယ့်နေ့ ဆို အဲဒီ ယို တွေကို ဟောလစ်ပုလင်းထဲ ခွဲထည့်ပြီး
သယ်သယ်သွားတာကို ကျမ သိပ်မုန်းတာပါပဲ ..
စိတ်တွေပုတ်ပြီး သူများကိုပေးမှာကို လိန်တွန့် ကောက်ချိတ်နေတာပါ ..

ဟောလစ်ပုလင်းထဲ ဖွားထည့်ရင် ဖွားက ခပ်ထည့်လိုက် ကျမက ပြန်နှိုက်ထုတ်လိုက် ..
ဖွားက .. ဟွန်း .. လို့  မာန်ပြီး ပြန်ခပ်ထည့်လိုက် .. ကျမက ပြန်နှိုက်ထုတ်လိုက် ..
မပြီးနိုင်တော့ပဲ ငိုရယိုရတဲ့ဖာတ်လမ်းဆီ ရောက်မြဲပါ ..
ဟိုအိမ်မှာ မြေး ၂ယောက်ရှိသေးတော့ ဖွားက ကျွေးချင်ပေလိမ့်မယ် ..
ကျမ ကတော့ ဖွားတခြားမြေးကို ခွဲကျွေးတာ လုံးဝ မကျေနပ်ပါဘူး .. ။
စနေနေ့ ည အိပ်ရင် ကျမ က ကျမဂါဝန်အောက်နားစနဲ့  ဖွားလုံခြည်ကို
ပူးပြီး ချိတ်နဲ့ တိတ်တိတ်လေး တွယ်ထားပါတယ် ..
မနက်ကျ ဖွား ထ ရင် ချိတ်က တင်းသွားတာနဲ့ တပြိုင်နက် ကမ္ဘာပျက်အောင်
မဆိုင်းမတွ ကျမ က အော်ငိုပစ်လိုက်တာပါ ..

နောက်ပိုင်းတော့ ဖွားက အကြောင်းသိသွားပြီမို့  ကျမ အနိုးမခံတော့ဘူး ..
ည ကထဲက ကျမအိပ်ပျော်ရင် ချိတ်ကို ဖြည်းဖြည်းကြို ဖြုတ်ထားလိုက်ပြီ ..
တိတ်တိတ်လေး ထ ပြီး အသံမထွက်အောင်ပြင်ဆင်ထည့်သိုပြီး ဖွားထွက်သွားရင် ..
ကျမတို့ အိပ်ခန်းထဲမှာ ကျမတယောက်ထဲ အိပ်ယာနိုးလာပြီး ..
ဒါ တနင်္ဂနွေပဲ လို့ လည်း ချက်ချင်းသတိရပြီး ဘေးကိုဆတ်ကနဲ ကြည့်လိုက်လို့  ..
ဖွားမရှိတဲ့အခါ ကျမ တအားစိတ်ဆိုး စိတ်ကောက်ခဲ့တာ .. ။

မိုးတွင်းဆို ခြံထဲက မြက်တောထဲမှာ ကျွတ်တွေ လှုပ်စိလှုပ်စိ .. ။
ဖွားက ကျွတ် အင်မတန်ကြောက်တယ် ..
ကျမက မြက်ထဲ ဖြဲယဲပြီး ကျွတ်တွေရအောင်ရှာပြီး ဖွားကို လိုက်တို့ တော့ ..
ဖွားမှာ လှုပ်လှုပ်လေး ပြေးရင်း သမီးလေး .. မိမိုလေး .. မလုပ်ပါနဲ့ သမီးရဲ့ နဲ့  ..

လူနံ့ ရရင် လန်းကနဲ တွယ်ဖို့ ချောင်းနေတဲ့ ကျွတ်တွေဟာ ကျမအနံ့ ရရင်တော့
ကြောက်ပြီးတောင် ပုန်းကုန်ကြမယ်ထင်ပါတယ် ..
ကျွတ်ကိုဖမ်း ..ဖွားရဲ့ ဆေးလိပ်ပြာခွက်ထဲက ပြာတွေနဲ့  လုံး ..
ကျွတ်တွေက ပြာထဲ မလှုပ်နိုင်ပဲ မဲမဲလုံးလေးတွေဖြစ်နေတာပါ ..
မဲမဲလုံးလေးတွေ တပုံကြီးရရင် ဖွားကို လက်တဆုပ်ကြီး နဲ့  ပြေးတို့  ..
အဲဒီတုန်းက ကျန်းမာရေးမကောင်းတဲ့ ဖွား .. မောနေမှာပဲ ..။

အိပ်မက်ထဲမှာ ကျမ က ငယ်နေပြီး ဖွားရော ကျမရော ရီနေကြပါတယ် ..
ဘာကို အရမ်းပျော်နေမှန်း မမှတ်မိတော့ပါဘူး ..

အခု စဉ်းစားလိုက်ချိန်မှာ .. ဖွားကိုလက်တွဲပြီး .. မော့မော့ကြည့်ပြီး
ကျမ လမ်းလျှောက်ထွက်ချင်နေသေးတယ် ..

တလမ်းလုံး ဖွားပြောသွားတဲ့ စကားတွေဟာ .. ကလေးနဲ့  တန်တဲ့
ဗဟုသုတတွေပါ ..။ ကျမ ခုချိန်ထိ သွေဖီလို့ မရသေးတဲ့  စည်းကမ်းတွေ ..
ခုချိန်ထိ လိုက်နာလို့ မဆုံးနိုင်သေးတဲ့ လူကောင်းကျင့်ဝတ်တွေ ..
ခုချိန်ထိ မှန်ကန်နေတဲ့ လောကကြီးရဲ နိယာမ တွေ ..   ..   ..
ကျမ အဲဒီတုန်းက ကျမအဖွားဟာ အင်မတန်တန်ဖိုးရှိတဲ့သူဆိုတာ ..
နားမလည်တတ်ခဲ့သေးဘူး..။

ဖွား ဆုံးတော့ ကျမ ငိုရကောင်းမှန်းမသိဘူး..
ဖွား မရှိတော့တာလို့ လည်းမထင်ဘူး..

အဲဒီတုန်းက အိမ်မှာပဲ ထားကြတာဆိုတော့ ..မနက်မိုးလင်းတိုင်း လူအလစ်မှာ ..
ဖွားကို နဲနဲလေးလှုပ်ပြီး သွားနှိုးကြည့်တယ် ..

ဆွေမျိုးတွေ မိတ်ဆွေတွေ အ၀င်အထွက်ရှုပ်ရှက်ခတ်နေတော့ ..
အရမ်း အထီးမကျန်ဘူးလိုပဲ .. ဖွားအိပ်နေတာလို ခနခနတော့ သွားကြည့်တယ် ..
အသုဘ ချတဲ့ဆီ ကျမတို့  ခလေးတွေ မလိုက်ရဘူး ..
အိမ်မှာကျန်ခဲ့ရတယ် .. အဲဒီလို ဖွားကို မတွေ့ တော့မှ စ ပြီး ..
ကျမ အရမ်းဝမ်းနည်းတယ် ..
တကယ်မရှိတော့ဘူး .. ဘယ်တော့မှလည်း ပြန်မရှိလာတော့ဘူးဆိုတာ ..
နောက်ရက်တွေကျမှ ကျမနားလည်တယ် ..
သေခြင်း..ဆုံးခြင်း ..ကွယ်လွန်ခြင်း  ဆိုတာကို ဒါပါလားလို့  ..
ကျမဘ၀မှာ ပထမဆုံး သိလိုက်တာပါ ..။

အဲဒီရက်တွေက ဖွားနဲ့ တူတူ အိပ်နေတာကို .. ခနခနအိပ်မက်မက်ပြီး ..
ဖွား ..သေပြီ လို့ လည်း အိပ်မက်ထဲမှာ ပြန်ပြန်သိနေခဲ့တာကို ..
အခုပြန်တွေးမိရင်း ..ဖွားကို အရမ်းသတိရမိပါတယ် ..
အိပ်မက်မက်နေရင်း အိပ်မက်လို့ တောင် မထင်နိုင်ခဲ့ပါဘူး ...  ...  ...။

လမင်းမိုမို

မူရင်း - လမင်းမိုမို

July 10, 2011

မိုက်မဲခဲ့သူ





" မိုက်မဲခဲ့သူ "



ကိုယ်ဘာတခုမှ ပြန်ရစရာ မရှိတဲ့ ..
ရင်းနှီး မြှုပ်နှံမှု တခုကို ..
စိတ်အားထက်သန်စွာ ..ကိုယ်ပြုခဲ့မိ ...........

တွက်ကြည့်တိုင်းလည်း အရှူံးချည်းပါပဲ ..
သဲသဲကွဲကွဲ အကျိုးအမြတ် ဆိုလို့  ..
ကိုယ့် နံနက်ခင်းတိုင်းမှာ နှမြော တသ ရတဲ့ ..
အိပ်မက်တချို့ သာ ရှိ .............

စိတ်ကူးကို လက်တွေ့ နဲ့ စားလိုက်တိုင်း ..
အဖြေထွက်တဲ့ ဂဏန်းကြီးကြီးဟာ ..
သင်္ချာ ညံ့တဲ့ ကိုယ့်အတွက်တော့ ..
ဦးနှောက်ခြောက်စရာ အတိုင်းမသိ ...........

ပေးခဲ့သမျှ နဲ့  ရခဲ့သမျှ ..
အချိုးမကျတဲ့အကြိမ်တွေတိုင်း ..
ဘယ်အချိန်က ကိုယ် စတင်မှားယွင်းခဲ့မှန်း..
ကိုယ်တိုင် ဥာဏ်မမီတော့တဲ့အထိ ..........

အဆုံးမတော့ ..
ကိုယ်ဟာ .. သူပစ်ခတ်ဖို့  ..
ကိုယ့် ရင်ဘတ်ကြီးကို ..
ကိုယ်တိုင်ဖွင့်ပေးခဲ့မိသူသာ ဖြစ်ချေ၏ ...........


လမင်းမိုမို

March 27, 2011

မရိုးသားသူပါ

ဒီကဗျာလေးက ကျမ အသက် ၂၀ ကျော်ကာစ ၁၉၈၇ ဇန်န၀ါရီလ က ရေးခဲ့တဲ့ ကဗျာလေးပါ ..။


မှတ်စုစာအုပ်ဟောင်း တစ်အုပ်ထဲမှာ ပြန်ရှာတွေ့ တော့ ခလေးအတွေး ခလေးခံစားချက်ကလေးကို ပြန်ပြီးဆန်းသစ်ဝေမျှချင်မိတာနဲ့ ပြန်ကူးတင်ပေးလိုက်ပါတယ် ..။





" မရိုးသားသူပါ "


တကယ်တော့ ..
ငါက မရိုးသားသူပါ ...။

ငါ့ကိုမညာပါနဲ့  တဖွဖွပြောတဲ့မင်းကို
အကြိမ်ကြိမ်အခါခါ ညာ .. လိမ်လိမ်မာမာညာ ..
နှိုက်နှိုက်နှဲနှဲညာ .. မိုက်မိုက်မဲမဲညာခဲ့ ..

မင်းရဲ့ အမှန်စကားကိုသာ..
ငါမက်မောခဲ့ပါလျက်နဲ့  ..

ငါ့ဖက်ကျတော့ ..
ညာရက်တဲ့ ငါ့ကိုယ်ငါ ..
မုန်းမိပါရဲ့  ..။

နေကောင်းလားသူငယ်ချင်းလေး ..
မင်းမေးတဲ့အခါ ..
ပျာယာခတ်အောင်ပူလောင်တတ်တဲ့ ..
မင်းရဲ့ စိုးရိမ်တတ်ခြင်းထဲ ..
မင်းစိတ်ဆင်းရဲမှာ မမြင်နိုင်တော့ ..
ပေါ့ပေါ့ကလေး ..

" အေးဆေးပါဟယ် ..." ပေါ့ ...။

အဆင်ပြေလားသူငယ်ချင်းလေး ..
မင်းမေးတဲ့အခါ ..
မပြေလည်တာတွေ ..
မင်းမသိပါစေနဲ့ တော့ ..
စိတ်မပင်ပန်းစေနဲ့ တော့..လို့  ..
ကိုယ့်ပြသနာ ကိုယ်မြိုချရင်း..

ခပ်တင်းတင်း ပြုံးနေခဲ့ပေါ့ ..။

လာမှာလားသူငယ်ချင်းလေး..
မင်းမေးတဲ့အခါ ..
ရောက်မလာနိုင်မှသာ..
မင်းကြေကွဲပါစေတော့ ..

လောလောဆယ်အတွက်ကို ..
တစ်ရက်ကြို ..နှစ်ရက်ကြို ..
ပိုဝမ်းနည်းရမှာစိုးတဲ့အခါ ..

" သေသေချာချာလာခဲ့မှာ ..
နင်စောင့်နေပါ .." ပေါ့ ..။

သေးသေး သေးသေးလေးတွေ ..
ဖြည်းဖြည်း ဖြည်းဖြည်း ညာရင်း ..
မင်းအမြင်မှာ ငါဟာ ..
ဘယ်သောအခါမှ မဖြူစင်ခဲ့တော့ ...
မင်းအတွက် ငါဟာ ..
ကြောက်စရာ ကောင်မလေးပေါ့ ..
အမြင်အေးပေမယ့် ..
အထင်သေးချင်စရာလေးရယ်ပေါ့ ..။
- - - -
တစ်နေ့ တော့ ..
- - - -
မင်းနဲ့  ငါ့သံယောဇဉ်ဟာ ..
မင်းချစ်သူအမြင်မှာ ..
မကြည်လင်စရာဖြစ်ခဲ့ပေါ့ ..

မင်း ဂရုစိုက်လွန်းတဲ့ ငါ့ကို ..
သူ မနာလိုခဲ့ပေါ့ ..

တကယ်တော့လည်း ..
သူ့ ရင်ထဲ ..မင်းရင်ထဲ ..
ငါ့ ရင်ထဲ .. အားလုံးရင်ထဲ ..
အဆင်ကွဲတဲ့ ခံစားချက် တစ်မျိုးစီနဲ့  ..
အသီးသီးပဲ့ကြွေနေကြတာပါ ..။

နောက်ဆုံးတစ်ခါ မင်းဆီက ..
ရခဲ့တဲ့ အမေး ..
ငါတို့ ကို ဝေးသွားစေခဲ့တဲ့ ..
အသည်းကွဲ ပုစ္ဆာလေး ..

" သူငယ်ချင်းလေး ..
နင်ငါ့ကို ချစ်နေလား .." တဲ့ ..

....

" နင့်ကို မျက်ရည်နဲ့  ..နာကျင်ခြင်းတွေနဲ့  ..
မထားခဲ့ရက်ဘူး .." တဲ့ .. ။

အဲဒီနေ့ က ငါ့ရီသံဖွဖွဟာ ..
မင်းရင်မှာ တစ်သက်စာ နာခဲ့တဲ့ ..
ဒါဏ်ရာ ဒါဏ်ချက် ဖြစ်ခဲ့သတဲ့ ..

မင်းရဲ့  သံယောဇဉ်တွေ ..
ခွေကနဲ အမြစ်ပြတ်အောင် ..
လှောင်သရော်တဲ့ ဒါးချက်တဲ့  ..

ငါ့ရဲ့ စကား ..

" နင့်ကိုယ်နင် အထင်ကြီးသလား .." ..က

နင့်မာနကိုတောင် သွေးထွက်စေသတဲ့ ..။

အဲဒီနေ့  ..
မင်းကျောခိုင်းသွားတဲ့အချိန်မှာ ..
ငါ ဘယ်လိုကျန်ခဲ့တာ ..
ကမ္ဘာကုန် ကျယ်အထိ ..
မင်းမသိပါစေနဲ့  ...။

သူငယ်ချင်းရယ် ..
တကယ်တော့ ..

ငါက မရိုးသားသူပါ .....။


လမင်းမိုမို

Twitter Delicious Facebook Digg Stumbleupon Favorites More