March 27, 2010

ကမ္ဘာ သို့  နှစ်သိမ့်လွှာ


" ကမ္ဘာ သို့  နှစ်သိမ့်လွှာ "

 
ကမ္ဘာရယ်.....
နင့်ခန္ဒာကိုယ်ပေါ်မှာ
ရာသီဥတုတွေ
ဖေါက်ပြန်ဆိုးဝါးလာတဲ့အတွက်..
စိတ်မပျက်ပါနဲ့ ..။

ကမ္ဘာရယ်.....
နင့်ရင်ခွင်တစ်ဝှမ်းမှာ
ကပ်ရောဂါဆန်းတွေ
ထူပြောလာတာကိုလည်း..
ဝမ်းမနည်းပါနဲ့ ..။

ကမ္ဘာရယ်.....
နင့်ကိုခြေနဲ့ နင်းပြီး
စစ်မက်တွေခင်းနေကြသူတွေကိုလည်း..
ဗွေမယူပါနဲ့ ..။

ကမ္ဘာရယ်.....
ရေလွှမ်း -ငလျင် -မုန်တိုင်းဆင်တဲ့
သဘာဝဘေးအန္တရာယ်တွေကိုလည်း...
အရှူံးမပေးပါနဲ့ ..။

ကမ္ဘာရယ်.....
တစ်နေ့ တစ်ခြား ဆိုးဝါးဆန်းပြားလာနေတဲ့
ကပ်ရောဂါ -ရာသီဥတု -ဘေးအန္တရာယ် -စစ်ပွဲတွေကြောင့်
လူတွေသေကြ ကြေကြ
ငိုယိုကြ မုန်းတီးကြ
ခိုက်ရန်ဖြစ်ပွားကြနဲ့ 
ပူလောင်လှတဲ့ သင်္ခါရတွေကို
နင် ယူကြုံးမရဖြစ်နေတယ်လား...။

သဘာဝတောတောင်ရေမြေ
ငါတို့ လူသားတွေကို
နင်မငြိုငြင်ပါနဲ့ နော်..
နင်မရှိရင် အသက်မရှင်နိုင်တဲ့
ငါတို့ အားလုံးအတွက်
နင်သက်ညှာငဲ့ကွက်ပါဦးနော်...။

ငါတို့ ကို
နင်တို့ ထိုက်နဲ့ နင်တို့ ကံဆိုပြီး
လက်တွဲဖြုတ်မပစ်ခဲ့ပါနဲ့ ....
နင့်ရဲ့ ပင်ပန်းဆင်းရဲမှုတွေအတွက်လည်း
စိတ်ဓါတ်မကျပါနဲ့ ....
နင့်ကိုယ်နင်စိတ်လိုက်မာန်ပါနဲ့ လည်း
မဖျက်ဆီးလိုက်ပါနဲ့ ....

ကမ္ဘာရယ်.....
ကြာနိုင်သမျှကြာကြာ
နင်နဲ့ ငါတို့ 
ချစ်ချစ်ခင်ခင်နေကြပါစို့ ရဲ့ .....။


လမင်းမိုမို

1 comments:

ကမ္ဘာကြီး ကြာကြာနေနိုင်အောင်
မျှဝေခွင့်ပေးပါ မမိုမိုရေ...း))


ပန်းနှင်းဆီ

Twitter Delicious Facebook Digg Stumbleupon Favorites More